Sunday, November 4, 2007

Boycott Chevron! Support Saffron...



နိုဝင်ဘာလ ၃ ရက်၊ ၂၀၀၇

စနေနေ့ ညနေခင်း...
သာမန်အားဖြင့် တိတ်ဆိပ်နေတတ်တဲ့...မိုးထိအောင်မြင့်မားတဲ့ Westwood ဖက်ဒရယ်အဆောက်အဦးရဲ့ ထောင့်တနေရာက မြက်ခင်းပြင်ရှေ့ မှာ ရောင်စုံအလံများ၊ ပိုစတာများနဲ့ အနီရောင်လူအုပ်ကြီးတစုက ဆိပ်ငြိမ်မှု များကို ဟန့် တားနေပါတယ်။ အဲဒါကတော့ လက်ရှိပြည်တွင်းက မြန်မာနိုင်ငံသားများ အလိုလား အတောင့်တ ဆုံးဖြစ်တဲ့... မြန်မာပြည်တွင်းမှာ မလုပ်နိုင်တဲ့... ဆန္ဒပြပွဲ တခုဖြစ်ပါတယ်။ အနီရောင်ကို ၀တ်လာခြင်းက ပြည်တွင်းက ပြည်သူတွေနဲ့ တထပ်တည်းဖြစ်ပြီး ပြည်တွင်းမှာ မလုပ်နိုင်တဲ့ သာမန်လူ့ အခြေခံ အခွင့်အရေး တခုကို ဒီအနီရောင်လူအုပ်က လာရောက်လုပ်ကိုင်နေခြင်းဖြစ်ပါတယ်။

အဲဒီ့အနီရောင်လူအုပ်ထဲမှာ...USC ကအမေရိကန်ကျောင်းသားများပါဝင်တဲ့ LA-88 အဖွဲ့ ၊ Support the Monks အဖွဲ့ ၊ Amnesty International အဖွဲ့ မှ ကိုယ်စားလှယ်များ၊ LA Organizers မှအဖွဲ့ သားတွေအပြင်... လက်ရှိ ကျောင်းတက်နေတဲ့ တက္ကသိုလ်အသီးသီးမှ ကျောင်းသူကျောင်းသားများ၊ မျိုးချစ်မြန်မာများ၊ စုစုပေါင်း ၁၀၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲရဲ့ထူးခြားချက်ကတော့ မြန်မာ့အရေးကို အယ်အေက မြန်မာများသာမက အမေရိကန်ကျောင်းသားများကလည်း စိတ်တူကိုယ်တူ Free Burma ကြွေးကြော်သံများနဲ့ တက်ကြွစွာ ပါဝင် ဆင်နွဲခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီ့အဖွဲ့ တွေဟာ တဖွဲ့ နဲ့ တဖွဲ့ ပိုပြီးနားလည်မှုရှိလာပြီး...ရှေ့ လျှောက် လှုတ်ရှားမှု တွေမှာ စုစုစည်းစည်းနဲ့ ဒီထက်ပိုကောင်းတဲ့ အစီအစဉ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ LA Organizer တဦးကပြောပြပါတယ်။

လူလူချင်းနှိပ်စက်နေတာကို သိရက်နဲ့  မသိသလိုနေရင်...ဒါမှမဟုတ်...ဘာမှမပြောပဲနေရင်...အဲဒါကို ထောက်ခံတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ဆန့် ကျင် ကန့် ကွက် ဆန္ဒပြကြပါစို့ ။ ကျနော်ကတော့ ဒေါင်းဂွင်ပါ...

ဖတ်ကြည့်ချင်သေးလား....

Tuesday, October 23, 2007

ရွှေဝါရောင်တော်လှန်ရေးသို့ 



ဖတ်ကြည့်ချင်သေးလား....

Freedom for Burma at Santa Monica (YouTube)

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ က Santa Monica မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲ ဗီဒီယို ကြည့်လို့ ရပါပြီ။
ပထမပိုင်း နဲ့  ဒုတိယပိုင်း ၂ ပိုင်းခွဲပြီး တင်ဆက်ထားပါတယ်။ တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ် နာခံ ဆောင်ရွက်မည့် မျိုးဆက်သစ်ကျောင်းသားလူငယ်များ များများ ပေါ်ထွန်း လာပါစေ... ၄င်းလူငယ်များကို ကူညီပံပိုးပေးတဲ့ မျိုးချစ်မြန်မာလူကြီးများလည်း သက်တော်ရာကျော် ရှည်ပါစေ...

ဖတ်ကြည့်ချင်သေးလား....

Sunday, October 21, 2007

Protest in Santa Monica (သို့ ) အသိပညာပေးကဏ္ဏ


အောက်တိုဘာ ၂၀၊ Santa Monica

အယ်အေမှာ အခုဆိုရင် စနေနေ့ ညနေခင်းအပတ်တိုင်းလိုလိုမှာ ဆန္ဒပြပွဲတွေကို ကျင်းပနေပါတယ်။ ဒီတပတ်ရဲ့ အပတ်စဉ် အလှည့်ကျနေရာကတော့ Santa Monica မြို့ ရဲ့လူအစည်ကားဆုံးနေရာတခု ဖြစ်တဲ့ 3rd St. ပဲဖြစ်ပါ တယ်။ အဲဒီ့နေရာရဲ့ထူးခြားချက်က အမေရိကန်နိုင်ငံသားများအပြင် ကမ္ဘာလှည့် ခရီးသွားများ အများအပြား လာ ရောက်လည်ပတ်တဲ့နေရာလည်းဖြစ်ပါတယ်။ လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသားလူငယ်များ၊ အဖွဲ့  အစည်းအသီးသီးမှ တက်ကြွလူငယ်များ၊ အယ်အေရဲ့ မျိုးချစ်မြန်မာများနှင့် အခန်းအနားကို ကြီးမှူးကျင်းပတဲ့ Team LA Organizers များ အပါအ၀င် စုစုပေါင်းလူ ၂၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲရဲ့ထူးခြားချက် ကတော့ အခြားအရင်ပွဲတွေမှာ မလုပ်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံအကြောင်း အသိပညာပေးကဏ္ဏပဲဖြစ်ပါတယ်။ မြန်မာ ပြည်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို လမ်းသွားလမ်းလာများအားဝေငှခဲ့ပြီး သူတို့ ကလည်း စိတ်ဝင်တ စား ပိုစတာနဲ့ ဓါတ်ပုံများကို ကြည့်ရှုခဲ့ကြသည့်အပြင် အိပ်ဖွင့်ပေးစာများကိုလည်း လက်မှတ်ရေးထိုးသွားခဲ့ကြပုံ ကတော့ ဒီပွဲရဲ့ အဓိက အောင်မြင်မှုဖြစ်ပါတယ်။

ဖိနှိပ်ချိမ်းချောက်မှုတွေကြောင့် မြန်မာပြည်တွင်းက လူထုရဲ့ရင်ထဲမှာဆန္ဒများရှိနေပေမယ့် ဆန္ဒပြလို့ မရတဲ့ အခြေအနေမှာ... လွတ်လပ်တဲ့ အဝေးရောက်မြန်မာများက သူတို့ ရဲ့အားလပ်ရက်နေ့ မှာ အနားမယူပဲ အခုလို လာရောက်ပူးပေါင်းကြလို့ ဆန္ဒပြပွဲများ တဖြေးဖြေးအရှိန်ရလာကြောင်း စီစဉ်သူများက ပြောဆိုခဲ့ပါတယ်။ မြန်မာ့ နိုင်ငံရေး အခုလို အရေးကြီးနေချိန်မှာ သွေးအေးပြီးမနေစေလိုပဲ မြန်မာပြည်တွင်းက လူထုကို ထောက်ခံ အားပေးတာကတကြောင်း၊ အယ်အေမှာရှိတဲ့ နိုင်ငံအရေးစိတ်ဝင်စားတဲ့ အဖွဲ့ အစည်းများ၊ တသီးပုဂ္ဂိလသမား များ စုဝေးလှုတ်ရှားရာ ကျတာကလည်းတကြောင်းမို့ အခုလိုပွဲများကို အပတ်စဉ်စီစဉ်နေတာဖြစ်ကြောင်း LA Organizers များက ရှင်းပြပါတယ်။ အခန်းအနားကို “သားသုံးသား” သီချင်းသီဆိုကာ အောင်မြင်စွာ ပြီးဆုံး စေ ခဲ့ပါတယ်။

နိုင်ငံ၊ လူမျိုး၊ သာသနာကိုဖျက်စီးသော မည်သည့်အစိုးရမဆို...အနှေးနဲ့ အမြန်...ပျက်စီးသွားကြစမြဲ...

More info, suggestion, involvement, etc. please contact:
www.8888laorganizers@yahoogroups.com/
www.dawngwinblogspot.com/
www.dawngwin@gmail.com/

ဖတ်ကြည့်ချင်သေးလား....

Monday, October 15, 2007

What China Stand For?

Check it out for what China Stand for!

ဖတ်ကြည့်ချင်သေးလား....

Wednesday, October 10, 2007

ဟော်လီးဝုဒ်မှ မြန်မာများ...ဆန္ဒပြပွဲ ဗီဒီယို ကြည့်လို့ ရပြီ...

ကဲ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ က ဟော်လီးဝုဒ်မှာ ပြုလုပ်ခဲ့တဲ့ အယ်အေရာဇ၀င်မှာ လူအများဆုံး လာတဲ့ ဆန္ဒပြပွဲကို အခု ဗီဒီယိုအဖြစ် အပိုင်း ၁ နဲ့  အပိုင်း ၂ ခွဲပြီးကြည့်လို့ ရပါပြီ။

ဖတ်ကြည့်ချင်သေးလား....

Tuesday, October 9, 2007

Monterey Park က ဘာသာပေါင်းစုံ ဆုတောင်းပွဲဗီဒီယို

ကဲ အယ်အေက မြန်မာများ Monterey Park က ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲကို ကြည့်နိုင်ပါပြီ... ပထမအပိုင်းပြီးရင်း ဒုတိယပိုင်းကိုလည်း ဆက်လက်ကြည့်နိုင်ပါပြီ။

ဖတ်ကြည့်ချင်သေးလား....

Monday, October 8, 2007

ကမ္ဘာမကြေဘူး...

ကမ္ဘာမကြေဘူး သီချင်းစာသားနှင့် ဂီတာကော့ဒ်ကို မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရယူနိုင်ပါပြီ...

ဖတ်ကြည့်ချင်သေးလား....

Sunday, October 7, 2007

ဟောလီဝုဒ်က ကမ္ဘာမကြေဘူး (Cannot Placate @ Hollywood)



မြန်မာပြည်မှာ အခြေအနေအတိုင်းအတာတခုအရ ငြိမ်သက်နေသော်လည်း အယ်အေရှိ မြန်မာများ ပို၍ စိတ်ဓါတ်တက်ကြွလာကြတယ်...ပိုပြီးစည်းလုံးလာတယ်... ဒီမှာကျောင်းတက်ပြီး ကြီးပြင်းလာကြတဲ့ သာမန် အားဖြင့် မြန်မာနိုင်ငံအရေးစိတ်မ၀င်စားသူ ဆယ်ကျော်သက်များသည်ပင် နောက်တကြိမ် ဆန္ဒပြရန်အတွက် အဆင်သင့်ပြင်နေကြတယ်...ကဲ တရုတ်ကောင်စစ်ဝန်ရုံးရှေ့ မှာ ထပ်တွေ့ ကြသေးတာပေါ့...

ဖတ်ကြည့်ချင်သေးလား....

ဟော်လီးဝုဒ်က ဆန္ဒပြပွဲ (Protest @ Hollywood for Burma)



အောက်တိုဘာ ၆၊ ၂၀၀၇

ဟော်လီးဝုဒ်၏ လူအစည်ကားဆုံးနေရာ တနေရာဖြစ်သော ကိုဒက်သီရေတာအရှေ့ တွင် လူသံ၊ ကားသံများ ညနေ ၃ နာရီခန့် မှ စတင်၍ ထူးခြားစွာ ဆူညံနေပါတယ်။ တကယ်တော့ ဒီအသံများဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေသော ဖိနှိပ်ရက်စက်သတ်ဖျက်မှု၊ မတရားဖမ်းဆီးမှုများကို ကန့် ကွက်ဆန္ဒပြနေသောသူများ ၏ ကြွေးကျော်သံများနှင့်ယင်းတို့ ကိုထောက်ခံသော ခရီးသွားများက ဟွန်းတီးပေးနေသော အသံများဖြစ် ပါတယ်။ တချိန်တည်းမှာပဲ အေးချမ်းစွာထိုင်ရင်း မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းနေသူများကိုလည်း တွေ့ ရပါတယ်။ လူလူချင်း စာနာထောက်ထားမှုဖြင့် မြန်မာ့အရေးအတွက် ၀င် ရောက်ပူးပေါင်းဆန္ဒပြနေသော မြန်မာနိုင်ငံသားမဟုတ်သူ အများအပြားကိုလည်း တွေ့ ရပါတယ်။ အတိအကျ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံအရေး အတွက် အယ်အေသမိုင်းမှာ လူအများဆုံးတက်ရောက်ခဲ့တဲ့ ဆန္ဒပြပွဲတခု ဖြစ်ပါတယ်။ လူများလွန်းအားကြီးလို့ ခန့် မှန်းရတာခက်နေပြီး လူပေါင်း ၅၀၀ အထက်တက်ရောက်ခဲ့တယ်လို့ အကြမ်းဖျဉ်းခန့် မှန်း မိပါတယ်။

ဒီဆန္ဒပြပွဲကို အဖွဲ့ ပေါင်းစုံက ထူးခြားတိုက်ဆိုင်စွာ စီစဉ်ခဲ့တာဖြစ်ပါတယ်။ LA Organizers များက ဒီပွဲကို ဒီနေရာမှာလုပ်ဖို့ ကြိုပြီးပြင်ဆင်ထားတာကြာပါပြီ။ အဲဒီ့အချိန်နောက်ပိုင်းမှာ အချို့ အဖွဲ့ မှ သူများကလည်း ဒီအချိန်၊ ဒီနေရာကိုပဲ သူတို့ ရဲ့ ဆန္ဒပြပွဲ အချိန်၊ နေရာအဖြစ်သတ်မှတ်ခဲ့ကြတာမို့  လူပေါင်းစုံညီစွာ စုစည်း သွားမိတဲ့ ပွဲလေးတပွဲဖြစ်သွားပါတယ်။ အဖွဲ့ အသီးသီးမှ ဖြစ်သော်ငြားလည်း ညီညွတ်စွာ၊ စည်းကမ်းရှိစွာဖြင့် ဒီဆန္ဒပြပွဲကို အောင်မြင်စွာ ပြီးဆုံးစေခဲ့ပါတယ်။

နောက်ထပ်ဒီလိုဆန္ဒပြပွဲတခုကို ရှေ့ အပတ် အောက်တိုဘာလ ၁၂ ရက်၊ သောင်္ကြာနေ့  နေ့ လည် ၂ နာရီမှ ၄ နာရီအထိ အယ်အေမြို တရုတ်ကောင်စစ်ဝန်ရုံးရှေ့ မှာ ပြုလုပ်မယ်လို့ သိရပါတယ်။ တရုတ်ဟာ မြန်မာပြည် အရေးကိုင်တွယ်ရာမှာ အခြားလုံခြုံရေးကောင်စီဝင်နိုင်ငံများလို အမှန်တရားဖက်မှ မရပ်တည်၊ မပြတ်သားဘဲ စစ်အစိုးရဖက်က အမြဲကာကွယ်နေတာမို့  တရုတ်ကောင်စစ်ဝင်ရုံးကို ပစ်မှတ်အဖြစ်ထားကာ ဆန္ဒပြရချင်း ဖြစ် ကြောင်း သိရပါတယ်။

ကဲ အယ်အေကမြန်မာများ ဒီထက်ရှေ့ မှာ ပိုပြီး ညီညွတ်နိုင်ပါစေ၊ အတိဒုက္ခရောက်နေသော အမိ မြန်မာ

ပြည်သူပြည်သားများကို ဒီ့ထက်ပို၍ စိတ်ဓါတ်ပိုင်းအရ၊ ငွေအားအရ...ကူညီနိုင်ပါစေလို့ ဆုတောင်းရင်း

ဖတ်ကြည့်ချင်သေးလား....

ရင်ထဲက ကျေးဇူးစကား (၂) (သို့ ) ၀တ်ပြုဆုတောင်းပွဲ



ပြီးခဲ့တဲ့ အောင်မြင်စွာ ပြီးဆုံးသွားတဲ့ ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲမှာ ကျေးဇူးတင်ထိုက်တဲ့သူတွေကို ကျေးဇူးတင်ချင်ပါတယ်။ တကယ်တော့ ဒီဆုတောင်းပွဲဟာ ဘော်ဒွင်ပတ်ဘုန်းကြီးကျောင်း နိဗ္ဗာန်ဈေးရောင်းပွဲနဲ့ တိုက်နေပြီး အရေးကြီးတဲ့အချိန်လည်းရောက်နေတာမို့  ဈေးရောင်းပွဲအပြီး တဆက်တည်းလုပ်ဖို့ စီစဉ်ဖြစ်ခဲ့ တာပါ။ ကျေးဇူးတင်ထိုက်တဲ့သူတွေကို ကျေးဇူးတင်ရမယ်ဆိုရင်...

ဆုတောင်းပွဲနေရာကို ဈေးရောင်းပွဲနေရာမှာ တဆက်တည်းလုပ်ခွင့်ပေးတဲ့အပြင် ဆုတောင်းပွဲ အစီအစဉ်ကို ပုံဖော်ပေးခဲ့တဲ့ ဘော်ဒွင်ပတ် ဆရာတော် ဦးဂုဏိစာရ၊

ဆုတောင်းပွဲသို့ စုံညီစွာ တက်ရောက်၍ မြန်မာပြည် ငြိမ်းချမ်းရေး ဆုတောင်းမေတ္တာပို့ သကြသော အယ်အေရှိ ကျောင်းပေါင်းစုံမှ ဘုန်းတော်ကြီးများ၊ ခရစ်ယန်၊ အစ္စလမ်နှင့်အခြားဘာသာဝင်များ...

အခမ်းအနားအတွက် ပိုစတာ၊ ဓါတ်ပုံ၊ ခေါင်းစီးစာတန်းများကိုကူညီခဲ့တဲ့ SCB (Students Concerned for Burma) အဖွဲ့ မှ ကျောင်းသူကျောင်းသားများ၊

အထူးသဖြင့်... ဈေးဝယ်၊ ချက်ပြုတ်လို့  တမနက်လုံးဈေးရောင်းပြီး ဆုတောင်းပွဲပြီးချိန်ထိ စိတ်ရှည်စွာ
စောင့်ဆိုင်းပေးခဲ့တဲ့ နိဗ္ဗာန်ဈေး အလှူရှင်များ၊

ဆုတောင်းပွဲအမှီ အပြေးလာရောက်ကြသော ရပ်နီးရပ်ဝေးမှ မျိုးချစ်မြန်မာများ...

အလှူငွေများကို ရက်ရောစွာ ထည့်ဝင်သွားကြတဲ့ ကုသိုလ်ရှင်များ...

အခမ်းအနား အစမှအဆုံး ၀ိုင်းဝန်းလုပ်ဆောင်ပေးခဲ့ကြတဲ့ LA Organizers များ၊ သူငယ်ချင်းများ၊ ကျောင်းပေါင်းစုံမှ ကျောင်းသူကျောင်းသားများ...အားလုံးကို ရင်ထဲမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း...အထူးသဖြင့်...တိုတောင်းလှတဲ့အချိန်အတွင်းမှာ စီစဉ်ခဲ့ရ၍ ချို့ ယွင်းချက်၊ အားနည်းချက်များကို နားလည် ခွင့်လွှတ်ပေးတဲ့အပြင်...ပြည်တွင်းရှိမြန်မာနိုင်ငံသားများနဲ့  တစိပ်တ၀မ်းတည်း၊ တထပ်တည်းဖြစ်ကြောင်းကို အကျီ င်္အနီရောင်ဆင်တူဝတ်ဆင်ကာ ဆုတောင်းခဲ့ကြတဲ့ အယ်အေက မြန်မာများကို ဂုဏ်ယူလေးစား၍ ကျေးဇူးအထူးတင်ရှိပါကြောင်း...ရင်ထဲက ပြောဆိုပါရစေ...
စီစဉ်သူများ

ဖတ်ကြည့်ချင်သေးလား....

Monday, October 1, 2007

အယ်အေက ဘာသာပေါင်းစုံ ဆုတောင်းပွဲ (သို့ ) အနီရောင် လှုပ်ရှားမှု


စက်တင်ဘာ ၃၀ ရက်၊ Monterey Park, California

မြန်မာပြည်တွင်း၌ စစ်အစိုးရ၏ရက်စက်မှုကြောင့် ပျံလွန်တော်မူသွားသောရဟန်းသံဃာတော်များ၊ သေဆုံး သွားသော ပြည်သူပြည်သားများအတွက်လည်းကောင်း၊ အမိမြန်မာပြည် ငြိမ်းချမ်းစေရန်အတွက် လည်းကောင်း ရည်စူး၍ ဘာသာပေါင်းစုံဆုတောင်းပွဲတခုကို Monterey Park ရှိ Barnes ပန်းခြံတွင် ပြုလုပ်ခဲ့ပါသည်။ အခမ်း အနားသို့ အယ်အေရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းပေါင်းစုံမှ ဆရာတော် ၁၂ ပါး စုံညီစွာ ကြွရောက်၍ ဆုတောင်းမေတ္တာပေးပို့ ခဲ့ကြသည်။

အစီအစဉ်အစပိုင်းကို မြန်မာနိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။ တက်ရောက်လာသူများက “ကမ္ဘာ မကြေ...ဗမာပြည်...ဒါဒို့ ပြည် ဒါဒို့ မြေ...” စသဖြင့် ခံစားချက်ရှိစွာဖြင့် သံပြိုင်သီဆိုခဲ့ကြသည်။ ၎င်းနောက် ဆရာတော် ဦးကုနိသာရ က ဘာသာပေါင်းစုံ ဆုတောင်းပွဲကျင်းပရခြင်းအကြောင်း အမှာစကား ပြောကြား သည်။ ၎င်းနောက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက စတင်၍ မြန်မာပြည်သူပြည်သားများအတွက် ဗုဒ္ဓဘာသာ ထုံးစံအတိုင်း မေတ္တာပို့ ဆုတောင်းပေးကြသည်။ ၎င်းနောက် ခရစ်ယန်ဘာသာဝင်များကိုယ်စား သိက္ခာရဆရာ ဦးသန်းဦးက ခရစ်ယန်ထုံးစံအတိုင်း ဆုတောင်းပေးသည်။ အစ္စလမ်ဘာသာဝင်များကိုယ်စား မာမွတ်ဆင်ဂျီ (ခေါ်) ဦးမိုးတင်မှ အစ္စလမ်ထုံးစံအတိုင်း ဆုတောင်းပေးသည်။ ကြားဖြတ်အစီအစဉ်အရ NLD အင်္ဂပူ လွှတ်တော်ကိုယ်စားလှယ် ဦးမြ၀င်း၊ မြန်မာ့အရေးလှုတ်ရှားသူ ဒေါ်လူဝီဇာ ဘင်ဆင်တို့ က အသီးသီး လက်ရှိအခြေအနေများ အကြောင်းကို ဝေဖန်သုံးသပ်ဆွေးနွေး သွားခဲ့ကြသည်။ ထို့ နောက် နိုင်မြန်မာ ရေးစပ်သော “ကမ္ဘာမကြေဘူး” သီချင်းကို အခမ်းအနားတက် ရောက်လာသူများက သံပြိုင်သီဆိုခဲ့ကြသည်။ နောက်ဆုံးအစီအစဉ်အရ မြန်မာပြည်တွင်း၌ ပျံလွန်တော်မူသွားသော ရဟန်းသံဃာများနှင့် သေဆုံးသွားသော ပြည်သူများကို ရည်စူး၍ ရေစက်ချ အမျှပေးဝေခဲ့သည်။

ဘာသာပေါင်းစုံ ဆုတောင်းပွဲသို့ အယ်အေရှိ မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံ၏မိတ်ဆွေများ၊ တက္ကသိုလ် အသီးသီးက မြန်မာနှင့်နိုင်ငံခြားကျောင်းသူ ကျောင်းသားများ စုစုပေါင်း ၅၀၀ ကျော် တခဲနက် တက်ရောက် ခဲ့ကြသည်။ အခမ်းအနားသို့ အယ်အေရှိ TV Media များက လာရောက်သတင်းယူသွားခဲ့သည်။ အမိမြန်မာ ပြည်တွင်း၌ ကျဆုံးသွားသောသူရဲကောင်းများကို ဂုဏ်ပြုသည့် အနေဖြင့်လည်းကောင်း၊ ဆက်လက်၍ ငြိမ်း ချမ်းစွာ ဆန္ဒပြနေသူများအား ထောက်ခံသည့်အနေဖြင့်လည်းကောင်း၊ အခမ်းအနားတက်ရောက်သူများက အနီရောင် တီရှပ်၊ အင်္ကျီများအား ဂုဏ်ပြုဝတ်ဆင်ထားကြသဖြင့် အခမ်းအနားကျင်းပရာ Picnic Area Hall တခုလုံးအနီရောင် လွှမ်းသွားခဲ့သည်။ တက်ရောက်လာကြသော ဘုန်းတော်ကြီးများ၏ ဆိုဆုံးမအကြံပေးမှုဖြင့် ပြည်တွင်းရှိဒုက္ခရောက်သံဃာများနှင့် ပြည်သူပြည်သားအတွက် ရန်ပုံငွေကောက်ခံရာ LA Organizers များ ရောင်းချခဲ့သော တီရှပ်အမြတ်ငွေများ အပါအ၀င် မိနစ်အနည်းငယ်အတွင်း စုစုပေါင်း အမေရိကန် $ 6,737 နှင့် စင်္ကာပူ $ 42 ကောက်ခံရရှိခဲ့သည်။*

နိုင်ငံရပ်ခြားရောက်ရှိနေသော်ငြားလည်း မြန်မာပြည်အားမမေ့၊ အရေးကြီးသဖြင့်သွေးနီးကြသော အယ်အေရှိ မြန်မာများက ယခုကဲ့သို့  အသိတရားရှိရှိ... အခမ်းအနားသို့ တက်ရောက်ဆုတောင်း၊ ရန်ပုံငွေထဲ့လှူခဲ့သဖြင့် ဆုတောင်းပွဲအခမ်းအနားမှာ ထင်ထားသည်ထက် အောင်မြင်ခဲ့သည်... အယ်အေ၏စည်းလုံးညီညွတ်မှုကို လည်း အတိုင်းအတာတခုထိပြသခဲ့သည်...ဟု အခမ်းအနား စီစဉ်သူများက ၀မ်းမြောက်ကြည်နူးစွာ ပြောဆို သွားခဲ့ကြသည်။
*ကောက်ခံရရှိငွေ အမေရိကန် $6763.20 ကို မိုးမခ၏ “မြန်မာပြည် ဒီမိုကရေစီရေး ကူညီမှု ရန်ပုံငွေ” သို့ လွဲပြောင်းပေးခဲ့သည်။

ဖတ်ကြည့်ချင်သေးလား....

Thursday, September 6, 2007

တိုက်ပွဲခေါ်သံ


ကွင်းကလေးရွာအနီး မိမိရိုက်ထားသောဓါတ်ပုံ (၁၉၉၂)

၁၉၉၂ ခုနှစ်၊ ကေအင်ယူတပ်မဟာ ၆ နယ်မြေသို့  န၀တစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေသောအချိန်...

စာရေးသူမှာ ABSDF ကျောင်းသားအဖွဲ့ မှ ကျန်းမာရေးဝန်ထမ်းတဦးဖြစ်သောကြောင့် နိုင်ငံတကာမှရရှိသော ဆေးဝါးများ၊ အကူအညီများဖြင့် ဆေးရုံ၊ ဆေးပေးခန်းများကို တတ်နိုင်သမျှ လိုက်လံဖွင့်ပေးနေချိန်...

တိတိကျကျညွှန်းရလျှင်... ကရင်ပြည်ကော့ကရိတ်မြီု့ အရှေ့ တောင်ဖက်ရှိ အိမ်ခြေ ၃၀၀ ခန့် ရှိသော ကွင်းကလေးရွာတွင်ဖြစ်သည်။ န၀တစစ်တပ်က ကွင်းကလေးရွာအား ကရင်သူပုန်အားပေးသည့်ရွာဖြစ်သည် ဟု စွတ်စွဲပြီး ၀င်ရောက်တိုက်ခိုက်သည်။ ကရင်နှင့်ကျောင်းသားတပ်များမှာ ဆုပ်ခွာသွားပြီးဖြစ်သည်။ ရွာသား အများစု အထူးသဖြင့် အမျိုးသမီးများနှင့်ကလေးငယ်များမှာ ပို၍တောနက်သောနေရာများသို့ ရှောင်တိမ်း သွားကြသည်။ ယောကျာင်္းများမှာ ရွာနှင့်မနီးမဝေး၌ ကျန်ခဲ့သောအိမ်များကို စိုးရိမ်ကာ စောင့်ကြည့်နေကြ သည်။ န၀တတပ်မှ ထွက်မပြေးဘဲ ကျန်နေခဲ့သော အဖွားအိုတဦးကို ယခုလို မေးမြန်းခဲ့သည်။
န၀တစစ်သား။ ။ အဖွားကြီး၊ ထွက်မပြေးဘဲ ကျန်နေတာ သေမှာ မကြောက်ဖူးလား။
အဖွားအို။ ။ ဘာလို့ ထွက်ပြေးရမှာလဲ။ ဒါဟာ ငါ့အိမ်၊ ဒါဟာ ငါ့မြေငါ့ခြံ၊ ငါဒီရွာမှာပဲ မွေးတယ်၊ ဘယ်နေရာကို ထွက်ပြေးရမှာလဲ။
စစ်သား။ ။ ဟိုကရင်ငပွေး (ကေအင်ယူစစ်သား) နဲ့ ကျို့ ပိုး (ကျောင်းသား) တွေကို တွေ့ သလား။ ဘယ်ဖက်ကိုထွက်သွားသလဲ။
အဖွားအို။ ။ တွေ့ တယ်။ သူတို့ က နင်တို့ လိုပဲ စစ်အင်္ကျီတွေဝတ်ထားတယ်။ သေနတ်တွေ ကိုင်ထားတယ်။ ငါ့တဲမှာ ထမင်းချက်စားသွားတယ်။ အခုနင်တို့ လည်း ဗိုက်ဆာပြီမဟုတ်လား။ ထမင်းချက်စားကြ။ ပြီးရင် သူတို့ လိုပဲ သွားကြ။ ငါလည်း ကြက်လေး၊ ၀က်လေး အစာကျွေးလိုက်အုံးမယ်။

အထက်ပါ အပြန်အလှန်ပြောဆိုမှုမှာ တကယ်ဖြစ်သည်။ စာရေးသူမှာ န၀တတပ်များ ပြန်ထွက်သွားပြီးနောက် ရက်အနည်းငယ်ခန့် တွင် ကွင်းကလေးရွာစွန်၌ ဖွင့်ထားသော ဆေးခန်းကို လာကြည့်ရင်း ရွာထဲသို့ လျှောက်ကြည့်စဉ် KNU မှ မိတ်ဆွေတဦးက န၀တတပ်သားများနှင့်စကားပြောခဲ့သော ယင်းအဖွားအိုအား မိမိနဲ့ မိတ် ဆက်ပေးခဲ့သည်။


ဟုတ်သည်။ ပြည်သူများ စစ်ပန်းနေကြပြီ။ ငွေခန်းနေကြပြီ။ ထွက်ပြေးရန်မြေမရှိ၊ စားသောက်ရန် ငွေမရှိ။ အဖွားအို၏ အမြင်မှာရှင်းသည်။ မင်းတို့ မတဲ့လို့ ရန်ဖြစ်တာ တခြားမှာသွားဖြစ်၊ ငါ့ကိုဘာမှ ဒုက္ခမပေးနဲ့ ။ ငါတော့ လာသမျှလူအားလုံးကို တတ်နိုင်သလောက် ကူညီမယ်။ ဒါပဲ။

မြတ်သည်။ မိမိတို့ တော်လှန်ရေးဖက်မှမြင်လျှင် မြတ်သည်။ န၀တတပ်အား ယခုကဲ့သို့  ပြန်အာခံရဲသည့်လူ များများလိုသည်။ အမှန်ကို အမှန်အတိုင်းမြင်ပြီး ပီပြင်ပြတ်သားသော အတွေးအခေါ်ရှိရန်လိုသည်။ န၀တသည် စစ်တပ်ကို အခြေခံ၍ဖွဲ့ စည်းထားသော အစိုးရဖြစ်သောကြောင့် အရာရာကို အာဏာနှင့် ချိမ်းခြောက်နေမှာ ဖြစ်သည်။ အာဏာတည်မြဲဖို့ ကလွဲပြီး ဘာကိုမှ ဂရုမစိုက်သောကြောင့် တိုင်းပြည် တဖြေးဖြေးနှင့် ဆင်းရဲတွင်း နက်သထက်နက်လာသည်။ ထမင်းငတ်၍ သေသောသူများရှိလာသည်။

ဒေါ်စုပြောခဲ့သော စကားလေးတခွန်းအားသတိရလိုက်သည်။ `ကျွန်မ စစ်တပ်ကို မကြောက်ဖူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ မှာရှိတာ သေနတ်တွေချည်းပဲဖြစ်လို့ ´

အချိန်ရောက်ပြီ၊ ကိုယ့်မြေကိုယ့်ရွာ၊ အမိနိုင်ငံအတွက် တိုက်ပွဲဝင်ကြပါစို့ ။

စစ်အာဏာရှင်စနစ် မုချ ကျဆုံးရပေလိမ့်မည်။


ဖတ်ကြည့်ချင်သေးလား....

Sunday, September 2, 2007

ရင်ထဲက ကျေးဇူးစကား


ဤ LA ဆန္ဒပြပွဲ ဖြစ်မြောက်ရေးအတွက်...

အခက်အခဲ၊ မအားလပ်သည့်ကြားထဲက ၎င်းတို့ ၏ ငွေတမျှ တန်ဖိုးကြီးလှသောလုပ်အား၊ ရှားပါးသောအချိန်၊ အရေးကြီးသောအလုပ်ကို ခွင့်တောင်း၊ ကျောင်းပျက်ချိန်အချို့ ကို မသုံးချင်ပဲသုံးကာ ဆန္ဒပြပွဲသို့  မပျက်မကွက် လာရောက်ခဲ့ကြတဲ့ LA ၏ အမျိုးချစ် မြန်မာများ...

အချိန်တိုကာလအတွင်း... အိပ်ဖွင့်ပို့ စာအတွက် မမောမပန်း ဆက်သွယ်၊ ခေါင်းကိုက်ခံကာ ရေးသား၊ ဒေသခံ ပုလိပ်နှင့်အာဏာပိုင်များကို အသိပေး၊ လက်ကမ်းစာစောင်နှင့် ပိုစတာများကို မငြီးမညူ လုပ်ပေးခဲ့ကြတဲ့ ရဲဘော်ရဲဘက်များ...

နေပူဒဏ်ကိုမမှု၊ ပင်ပန်းသည်ကို သတိမရ၊ အရေးကြီးသဖြင့် သွေးနီးကြတဲ့... တိုင်သမျှကို တက်ကြွစွာ အဖောက်ညီညီ ၀ိုင်းဝန်းအော်ဆိုကာ ရင်တွင်းက ဆန္ဒများ ထုတ်ဖော်ခဲ့ကြသူများ...

ဗီဒီယို၊ ဓါတ်ပုံရိုက်၊ သတင်း၊ မီဒီယာနှင့် You Tube တွင် နေ့ ချင်း၊ ညချင်းပြီးအောင် အိပ်ရေးပျက်ခံကာ ခိုင်းတာလို့ မမြင်၊ တာဝန်တခုရယ်လို့ ယူဆကာ လုပ်ကိုင်ပေးခဲ့ကြသူများ... အချိန်တို တခဏလေးမှာပဲ ဓါတ်ပုံ နှင့်သတင်းကို အင်တာနက်၌ တင်ပေးခဲ့ကြတဲ့ မီဒီယာမှ ပုဂ္ဂိုလ်များ...

အကြောင်းအမျိုးမျိုးကြောင့် လူကိုယ်တိုင် မလာနိုင်သော်လည်း စိတ်အား၊ နှုတ်အားဖြင့် အားပေးခဲ့ကြတဲ့
မိတ်ဆွေများ...

တိုင်းပြည်ချစ်စိတ်သက်သက်ဖြင့်... အဖွဲ့ အစည်းစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အုပ်စုစွဲမထား၊ လိုအပ်တာ မှန်သမျှ အားလုံးကို ၀န်းရံ ပံ့ပိုးပေးခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက် LA Organizers များ...

အားလုံး၊ အားလုံး၊ အားလုံးကို... ဤနေရာမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ရင်ထဲမှ ပြောဆိုပါရစေ...

စီစဉ်သူများ
စက်တင်ဘာ ၁ ရက်၊ ၂၀၀၇

ဖတ်ကြည့်ချင်သေးလား....

Friday, August 24, 2007

အရေးကြီးပြီ ညီနောင်အပေါင်းတို့ ...


“မြန်မာပြည်မှာ ထမင်းငတ်ပြီးသေတဲ့မသာ မရှိပါဘူး” ဆိုတာ အရင်က စကားပုံတခုပေါ့။ အခုတော့ တကဲ့ အဖြစ်အပျက်ဖြစ်နေပြီ။ အင်္ဂလိပ်ခေတ်က ပြည်သူများ ထမင်းငတ်သည်ဆိုတာ ကြားကောင်းသေးသည်။ အခုတော့ အာဏာယစ်မူးသူတစုကြောင့် မြန်မာတနိုင်ငံလုံး ဆင်းရဲဒုက္ခရောက်နေရသည်။ တချိန်က ဆရာဇော်ဂျီရဲ့ ကဗျာတပုဒ်က ဒီနေ့ အဖြစ်အပျက်ကို ထင်ရှားစွာ မီးမောင်းထိုး သရုပ်ဖော်ပေးနေသည်။ ခံစားကြည့်ပါ။ ပြီးတော့ ကဗျာထဲက အတိုင်း ညီညွတ်စွာဖြင့် တိုက်ပွဲဝင်သွားကြပါစို့ ...

တို့ တိုင်း တို့ ပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
့်ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
်မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျော့လုံ့ လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ
ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ဉာဏ်ရှေ့ ပန်း၍
တ၀မ်းတစိတ်၊ ညီစေသတည်း။

ဇော်ဂျီ

ဖတ်ကြည့်ချင်သေးလား....

Wednesday, August 15, 2007

LA က ၈လေးလုံးအခမ်းအနား...ရန်ပုံငွေရဖို့  တော်လှန်ရေးသီချင်းခွေတွေ၊ ၈လေးလုံးတီရှပ်တွေရောင်းခဲ့တယ်။
အဲဒီ့ပွဲကို လုပ်တဲ့သူတွေပြောတာက ဒီပွဲကို လုပ်ရခြင်း ရည်ရွယ်ချက် ၂ ခုရှိတယ်။ ပထမက ၈၈၈၈
နဲ့ ဒီမိုကရေစီရေးလှူတ်ရှားမူတွေမှာ ကျဆုံးသွားကြတဲ့ သူတွေကို ရေစက်ချ အမျှဝေ ဆွမ်းကျွေးတာတဲ့။ ဒုတိယရည်ရွယ်ချက်ကတော့ အခုထက်ထိ ဖိနှိပ်မူ့ တွေ၊ ခြိမ်းချောက်မူ့ တွေကြားက မဆုတ်မနစ် ရဲဝန့် စွာနဲ့ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ ဒေါ်စုနဲ့ NLD, မင်းကိုနိုင်နဲ့  ၈၈ မျိုးဆက်ကျောင်းသားများ၊ အခြားနိုင်ငံချစ်တဲ့သာမန်ပြည်သူများကို ဂုဏ်ပြုလိုတဲ့အတွက်လို့ သိရပါတယ်။

ဖတ်ကြည့်ချင်သေးလား....

L.A. ၈၈၈၈ ဆွမ်းကျွေးပွဲနဲ့ ဓါတ်ပုံပြပွဲ (၂၀၀၇)

လော့စ်အိမ်ဂျလိစ်မှာ လုပ်သွားတဲ့ ၈၈၈၈ ဆွမ်းကျွေးပွဲနဲ့ ဓါတ်ပုံပြပွဲပေါ့ဗျာ။ ဘယ်အဖွဲ့ အစည်းကလုပ် တာမဟုတ်ပဲ အယ်အေမှာရှိတဲ့ နိုင်ငံချစ်ပြည်သူများက ၀ိုင်းပြီးလုပ်သွားတဲ့ပွဲတဲ့ဗျ။ နဲနဲထူးဆန်းနေသလိုလာ သွား တဲ့သူတွေက လည်း များတယ်ဆိုပဲ။ စုပေါင်းလုပ်ဆောင်ခြင်းရဲ့ အောင်မြင်မူတခုပါပဲ။

ဖတ်ကြည့်ချင်သေးလား....

Thursday, August 9, 2007

သင်တန်းဆင်းပွဲတခု...















ဒေါင်းဂွင်ဆိုတာ တချိန်တုန်းက တောခိုကျောင်းသားတွေ ခိုနားခဲ့တဲ့နေရာလေးပေါ့ဗျာ။ သံလွင်မြစ် ကမ်းစပ်နား မှာပဲရှိပြီး စမ်းရေကိုသောက်၊ သံလွင်ရေကို ချိုးခဲ့တာပေါ့။
(သံလွင်ရေက တအားနောက်လို့  သောက်မကောင်းပါ)။ အဲဒီ့စခန်းလေးမှာ ဆေးရုံတလုံးရယ်၊ ပြန်ကြားရေး အသံသွင်းခန်းတခုရယ်၊ ညဆို မီးစက်ဖွင့်မှ ရိုက်လို့ ရတဲ့ ကွန်ပြူတာဌာနလေးတခုရယ်၊ ပြီးတော့ စိတ်ဓါတ် တက်ကြွတဲ့ ကျောင်းသားတွေရှိတယ်။ စားတော့ ငါးပိ၊ ဖျားတော့ဌက်ဖျား၊ သွားတော့ သော်လက်ထ၊ ဒီလိုနဲ့  အဲဒီ့စခန်းမှာ ၂ နှစ်၊ ၃ နှစ်လောက် ကြာခဲ့တယ်။

ဖတ်ကြည့်ချင်သေးလား....

"ရှစ်ဆယ့်ရှစ် မျိုးဆက်သစ်”

ဖိနှိပ်မှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု အမျိုးမျိုးကြားမှ သတ္တိ ရဲဝန့် စွာ ဆက်လက်လှုတ်ရှားနေကြသော ၈၈ မျိုးဆက်ကျောင်းသားများကို အောက်ပါကဗျာလေးဖြင့် ဂုဏ်ပြုလိုက်ပါတယ်...

မျိုးဆက်သစ်ရဲ့  စေတနာ
"ရှစ်ဆယ့်ရှစ် မျိုးဆက်သစ်”တဲ့ ...

တခေတ်ထူမဲ့ လူငယ်များ
သမိုင်းထဲက မွေးလို့ ဖွား
သွေးသစ်အားလောင်းပြီတကား။

မင်းကိုနိုင်တို့  ဆိုစကား
သစ္စာတရား မေတ္တာပျား
မထောင်မလွှား မယောင်မှား
စိန်ခေါ်သံနှင့် မာန်မကြွား
ဣနြေ္ဒရရ ချိန်ဆဆနှင့်
စိန်တမျှလို ထွင်းဖောက်သွား
လေးစားဖွယ်ပါ ကလား။

တို့ တိုင်းတို့ ပြည် ကောင်းစေသား
စေတနာနဲ့  မေတ္တာထား
ညှိညှိနှိုင်းနှိုင်း ၀ိုင်းပါလား
မရိုင်းလေဘု သူတို့ စကား
မင်းတို့ စဉ်းစား ငါစဉ်းစား
နိုင်ငံအကျိုး မျှော်ထောက်ထား
ထောက်ခံကြစို့ လား။

တင်မိုး
၂၀၊ ၁၊ ၂၀၀၇
(ဆရာကြီးမကွယ်လွန်မီ ရေးသွားသောကဗျာ)

ဖတ်ကြည့်ချင်သေးလား....

 
/* EOT ----------------------------------------- */