Thursday, September 6, 2007

တိုက်ပွဲခေါ်သံ


ကွင်းကလေးရွာအနီး မိမိရိုက်ထားသောဓါတ်ပုံ (၁၉၉၂)

၁၉၉၂ ခုနှစ်၊ ကေအင်ယူတပ်မဟာ ၆ နယ်မြေသို့  န၀တစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေသောအချိန်...

စာရေးသူမှာ ABSDF ကျောင်းသားအဖွဲ့ မှ ကျန်းမာရေးဝန်ထမ်းတဦးဖြစ်သောကြောင့် နိုင်ငံတကာမှရရှိသော ဆေးဝါးများ၊ အကူအညီများဖြင့် ဆေးရုံ၊ ဆေးပေးခန်းများကို တတ်နိုင်သမျှ လိုက်လံဖွင့်ပေးနေချိန်...

တိတိကျကျညွှန်းရလျှင်... ကရင်ပြည်ကော့ကရိတ်မြီု့ အရှေ့ တောင်ဖက်ရှိ အိမ်ခြေ ၃၀၀ ခန့် ရှိသော ကွင်းကလေးရွာတွင်ဖြစ်သည်။ န၀တစစ်တပ်က ကွင်းကလေးရွာအား ကရင်သူပုန်အားပေးသည့်ရွာဖြစ်သည် ဟု စွတ်စွဲပြီး ၀င်ရောက်တိုက်ခိုက်သည်။ ကရင်နှင့်ကျောင်းသားတပ်များမှာ ဆုပ်ခွာသွားပြီးဖြစ်သည်။ ရွာသား အများစု အထူးသဖြင့် အမျိုးသမီးများနှင့်ကလေးငယ်များမှာ ပို၍တောနက်သောနေရာများသို့ ရှောင်တိမ်း သွားကြသည်။ ယောကျာင်္းများမှာ ရွာနှင့်မနီးမဝေး၌ ကျန်ခဲ့သောအိမ်များကို စိုးရိမ်ကာ စောင့်ကြည့်နေကြ သည်။ န၀တတပ်မှ ထွက်မပြေးဘဲ ကျန်နေခဲ့သော အဖွားအိုတဦးကို ယခုလို မေးမြန်းခဲ့သည်။
န၀တစစ်သား။ ။ အဖွားကြီး၊ ထွက်မပြေးဘဲ ကျန်နေတာ သေမှာ မကြောက်ဖူးလား။
အဖွားအို။ ။ ဘာလို့ ထွက်ပြေးရမှာလဲ။ ဒါဟာ ငါ့အိမ်၊ ဒါဟာ ငါ့မြေငါ့ခြံ၊ ငါဒီရွာမှာပဲ မွေးတယ်၊ ဘယ်နေရာကို ထွက်ပြေးရမှာလဲ။
စစ်သား။ ။ ဟိုကရင်ငပွေး (ကေအင်ယူစစ်သား) နဲ့ ကျို့ ပိုး (ကျောင်းသား) တွေကို တွေ့ သလား။ ဘယ်ဖက်ကိုထွက်သွားသလဲ။
အဖွားအို။ ။ တွေ့ တယ်။ သူတို့ က နင်တို့ လိုပဲ စစ်အင်္ကျီတွေဝတ်ထားတယ်။ သေနတ်တွေ ကိုင်ထားတယ်။ ငါ့တဲမှာ ထမင်းချက်စားသွားတယ်။ အခုနင်တို့ လည်း ဗိုက်ဆာပြီမဟုတ်လား။ ထမင်းချက်စားကြ။ ပြီးရင် သူတို့ လိုပဲ သွားကြ။ ငါလည်း ကြက်လေး၊ ၀က်လေး အစာကျွေးလိုက်အုံးမယ်။

အထက်ပါ အပြန်အလှန်ပြောဆိုမှုမှာ တကယ်ဖြစ်သည်။ စာရေးသူမှာ န၀တတပ်များ ပြန်ထွက်သွားပြီးနောက် ရက်အနည်းငယ်ခန့် တွင် ကွင်းကလေးရွာစွန်၌ ဖွင့်ထားသော ဆေးခန်းကို လာကြည့်ရင်း ရွာထဲသို့ လျှောက်ကြည့်စဉ် KNU မှ မိတ်ဆွေတဦးက န၀တတပ်သားများနှင့်စကားပြောခဲ့သော ယင်းအဖွားအိုအား မိမိနဲ့ မိတ် ဆက်ပေးခဲ့သည်။


ဟုတ်သည်။ ပြည်သူများ စစ်ပန်းနေကြပြီ။ ငွေခန်းနေကြပြီ။ ထွက်ပြေးရန်မြေမရှိ၊ စားသောက်ရန် ငွေမရှိ။ အဖွားအို၏ အမြင်မှာရှင်းသည်။ မင်းတို့ မတဲ့လို့ ရန်ဖြစ်တာ တခြားမှာသွားဖြစ်၊ ငါ့ကိုဘာမှ ဒုက္ခမပေးနဲ့ ။ ငါတော့ လာသမျှလူအားလုံးကို တတ်နိုင်သလောက် ကူညီမယ်။ ဒါပဲ။

မြတ်သည်။ မိမိတို့ တော်လှန်ရေးဖက်မှမြင်လျှင် မြတ်သည်။ န၀တတပ်အား ယခုကဲ့သို့  ပြန်အာခံရဲသည့်လူ များများလိုသည်။ အမှန်ကို အမှန်အတိုင်းမြင်ပြီး ပီပြင်ပြတ်သားသော အတွေးအခေါ်ရှိရန်လိုသည်။ န၀တသည် စစ်တပ်ကို အခြေခံ၍ဖွဲ့ စည်းထားသော အစိုးရဖြစ်သောကြောင့် အရာရာကို အာဏာနှင့် ချိမ်းခြောက်နေမှာ ဖြစ်သည်။ အာဏာတည်မြဲဖို့ ကလွဲပြီး ဘာကိုမှ ဂရုမစိုက်သောကြောင့် တိုင်းပြည် တဖြေးဖြေးနှင့် ဆင်းရဲတွင်း နက်သထက်နက်လာသည်။ ထမင်းငတ်၍ သေသောသူများရှိလာသည်။

ဒေါ်စုပြောခဲ့သော စကားလေးတခွန်းအားသတိရလိုက်သည်။ `ကျွန်မ စစ်တပ်ကို မကြောက်ဖူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ မှာရှိတာ သေနတ်တွေချည်းပဲဖြစ်လို့ ´

အချိန်ရောက်ပြီ၊ ကိုယ့်မြေကိုယ့်ရွာ၊ အမိနိုင်ငံအတွက် တိုက်ပွဲဝင်ကြပါစို့ ။

စစ်အာဏာရှင်စနစ် မုချ ကျဆုံးရပေလိမ့်မည်။


No comments:

 
/* EOT ----------------------------------------- */